ကျွန်ုပ်တို့အပေါ်၌ ယေရှုခရစ်တော်၏နာမတော်ကို ခံယူခြင်း
သူမြင်သလိုမြင်ခြင်း၊ သူအစေခံသလိုအစေခံခြင်း၊ ပြီးတော့ သူ့ကျေးဇူးတော်ဟာ လုံလောက်တဲ့အကြောင်း ယုံကြည်ကိုးစားခြင်းတို့အားဖြင့် ယေရှုခရစ်တော်ရဲ့နာမတော်ကို ကျွန်တော်တို့အပေါ်မှာ သစ္စာရှိစွာကျွန်တော်တို့ခံယူကြပါစေ။
ကျွန်တော့အပေါင်းအဖော်ညီအစ်ကိုမောင်နှမများခင်ဗျာ၊ မကြာသေးမီက၊ ကျွန်တော်ဟာ အသင်းတော်ကို ဗျာဒိတ်ရထားတဲ့အမည်အတိုင်းခေါ်ဖို့ ဥက္ကဌရပ်ဆဲလ်အမ်နယ်လဆင်ရဲ့ ညွှန်ကြားချက်ကို စဉ်းစားရင်း၊ အသင်းတော်ရဲ့အမည်နဲ့ပတ်သက်လို့ နီဖိုင်းအမျိုးသားတွေကို ကယ်တင်ရှင်လမ်းညွှန်တဲ့နေရာကို ကျမ်းစာထဲမှာ ရှာကြည့်မိပါတယ်။ ကယ်တင်ရှင်ရဲ့ နှုတ်ကပတ်တော်ကိုဖတ်ရင်း၊ “ခရစ်တော်၏နာမတော်ကို သင်တို့အပေါ်၌ ခံယူရမည်” လို့ သူလည်း လူတွေကိုပြောခဲ့တာပဲဆိုပြီး တအံ့တဩဖြစ်မိပါတယ်။ ဒီဟာက၊ ကျွန်တော့ကိုယ်ကျွန်တော် ပြန်တွေးမိစေပြီး၊ “ ငါဟာ ကယ်တင်ရှင်ရဲ့နာမတော်ကို သူဖြစ်စေလိုတဲ့အတိုင်း ငါ့အပေါ်မှာ ခံယူနေရဲ့လား” လို့မေးစေပါတယ်။ ကျွန်တော့မေးခွန်းရဲ့အဖြေအဖြစ် ရရှိခဲ့တဲ့အတွေးအမြင်အချို့ကို ဒီနေ့ကျွန်တော်ဝေငှလိုပါတယ်။
ပထမ၊ ခရစ်တော်ရဲ့နာမတော်ကို ကျွန်တော်တို့အပေါ်မှာ ခံယူတယ်ဆိုတာ ဘုရားသခင်မြင်သလိုမြင်ဖို့ ကျွန်တော်တို့သစ္စာရှိစွာ ကြိုးစားကြတယ်လို့ ဆိုလိုပါတယ်။ ဘုရားသခင်က ဘယ်လိုမြင်ပါသလဲ။ ဂျိုးဇက်စမစ်က ပြောခဲ့ပါတယ်။ “လူမျိုးစုတစ်စုက အခြားတစ်ဦးကို ကရုဏာမဲ့စွာစီရင်ပြီး ပြစ်တင်ရှုတ်ချနေချိန်မှာ၊ စကြဝဠာရဲ့ ကြီးစွာသောမိဘက လူသားမိသားစုတစ်ခုလုံးကို ဖခင်၏ဂရုစိုက်မှုနဲ့ မိဘမေတ္တာဖြင့် ကြည့်တော်မူပါတယ်” ဘာကြောင့်လဲဆိုလျှင်၊ “သူ့ရဲ့ချစ်ခြင်းဟာ မတွေးတတ်အောင်ခက်ခဲနက်နဲလို့ပဲဖြစ်ပါတယ်”။
လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက၊ ကျွန်တော့အစ်မ ကွယ်လွန်သွားခဲ့ပါတယ်။ သူ့ဘဝက ခက်ခဲတယ်။ ဧဝံဂေလိတရားတော်နဲ့အခက်အခဲကြုံရပြီး၊ ဘယ်တုန်းကမှ တကယ်တက်ကြွခြင်းမရှိခဲ့ပါဘူး။ သူ့ခင်ပွန်းက သူတို့အိမ်ထောင်ကို ပစ်သွားခဲ့ပြီး၊ သူ့ကို စောင့်ရှောက်စရာ ကလေးငယ်လေးယောက်နဲ့အတူ ချန်ထားခဲ့ပါတယ်။ သူကွယ်လွန်တဲ့ညနေမှာ သူ့ကလေးတွေနဲ့အတူ အခန်းထဲမှာရှိနေစဉ်၊ သူ့ကို ငြိမ်းချမ်းစွာနဲ့ ဘဝကူးစေဖို့ ကျွန်တော်ကောင်းချီးပေးခဲ့ပါတယ်။ အဲဒီတစ်ခဏမှာ၊ ကျွန်တော့အစ်မရဲ့ဘဝကို သူ့ဒုက္ခတွေနဲ့၊ မတက်ကြွမှုအနေနဲ့သာ ကျွန်တော်အကြိမ်ကြိမ်အနက်ဖွင့်နေခဲ့ကြောင်း သတိပြုမိခဲ့ပါတယ်။ အဲဒီညနေမှာ၊ ကျွန်တော့လက်ကို သူ့ခေါင်းပေါ်တင်ထားစဉ် ဝိညာဉ်တော်ဆီက ပြင်းထန်တဲ့အဆုံးအမကို ကျွန်တော်ရရှိပါတယ်။ သူ့ရဲ့ကောင်းမြတ်ခြင်းကို ကျွန်တော့ကိုကောင်းကောင်းနားလည်သဘောပေါက်စေခဲ့ရပြီး ဧဝံဂေလိတရားတော်နဲ့ ဘဝမှာ အခက်တွေ့နေသူ တစ်စုံတစ်ယောက်ပုံစံမျိုးမဟုတ်ဘဲ၊ ကျွန်တော်မကြုံခဲ့ရတဲ့ ခက်ခဲသောကိစ္စများကို ဖြေရှင်းနေရတဲ့သူတစ်ယောက်ပုံစံမျိုးနဲ့ သူ့ကို ဘုရားသခင်မြင်သလိုမျိုးမြင်ဖို့ အခွင့်ကိုလည်းရခဲ့ပါတယ်။ ကြီးမားတဲ့အတားအဆီးတွေရှိသော်ငြားလည်း လှပအံ့ဩဖွယ်ကလေး လေးယောက်ကို စောင့်ရှောက်ခဲ့တဲ့၊ တကယ်တော်တဲ့မိခင်တစ်ယောက်အဖြစ် သူ့ကို ကျွန်တော်မြင်ပါတယ်။ ကျွန်တော်တို့အဖေကွယ်လွန်ပြီးနောက်၊ အမေရဲ့အဖော်အဖြစ်၊ ကြည့်ရှုစောင့်ရှောက်ဖို့ အချိန်ယူခဲ့တဲ့၊ ကျွန်တော့အမေအတွက် မိတ်ဆွေတစ်ယောက်အဖြစ်နဲ့ သူ့ကို ကျွန်တော်မြင်ပါတယ်။
ကျွန်တော်အစ်မနဲ့နောက်ဆုံးညနေအချိန်မှာ၊ ဘုရားသခင်က ကျွန်တော့ကို “ သင့်ပတ်ဝန်းကျင်မှာရှိတဲ့လူတိုင်းကို သန့်ရှင်းမွန်မြတ်သောလူသားတစ်ယောက်အဖြစ် သင်မမြင်နိုင်ဘူးလား” လို့ မေးနေမယ်ဆိုတာ ကျွန်တော်ယုံကြည်ပါတယ်။
ဘရင်ဂ်ဟမ်ရန်းက သွန်သင်ခဲ့ပါတယ်၊
“သူတော်စင်တွေကို ကျွန်တော်သင်ပေးချင်ပါတယ်…. ယောက်ျား၊ မိန်းမတွေကို သူ့ပုံစံနဲ့သူရှိတဲ့အတိုင်း နားလည်ပေးဖို့ဖြစ်ပါတယ်။ သင့်မှာရှိတဲ့ပုံစံအတိုင်း နားလည်စေဖို့မဟုတ်ပါဘူး။“
”မကြာခဏပြောကြပါတယ်— ‘ဒီလူကအမှားလုပ်ထားတယ်၊ သူတော်စင်မဖြစ်နိုင်ဘူး’။ တစ်ချို့လူတွေ ကျိန်ကြ၊ လိမ်ကြ … (ဒါမှမဟုတ်) ဥပုသ်ချိုးဖောက်ကြတာကို ကျွန်တော်တို့ကြားရပါတယ်။ အဲဒီလိုလူမျိုးတွေကို မဝေဖန်ပါနဲ့၊ ဘာကြောင့်လဲဆိုလျှင်၊ သူတို့နဲ့ပတ်သက်လို့ ကိုယ်တော်ရှင်ဘယ်လိုအကြံအစည်ရှိတယ်ဆိုတာ သင်တို့မသိကြလို့ပဲဖြစ်ပါတယ်။ (အဲဒီအစား) သူတို့ကို သည်းခံကြပါ။”
ကျွန်တော်တို့ရဲ့ကယ်တင်ရှင်က သင်တို့နဲ့ သင်တို့ရဲ့ ဒုက္ခတွေကို သူ့အနားကနေ သတိမပြုလိုက်ဘဲ ဖြတ်သွားခွင့်ပေးမယ်လို့ သင်တို့ထဲက တစ်ယောက်ယောက်စိတ်ကူးကြည့်နိုင်ပါသလား။ ကယ်တင်ရှင်က ရှမာရိလူ၊ သူတစ်ပါးသားမယားပြစ်မှားသူ၊ အခွန်ကောက်ခံသူ၊ နူနာစွဲသောသူ၊ စိတ်မနှံ့သောသူ၊ အပြစ်ပြုသောသူတို့ကို အမြင်တစ်ခုတည်းနဲ့ကြည့်တော်မူပါတယ်။ အားလုံးဟာ သူ့ခမည်းတော်ရဲ့ သားသမီးများဖြစ်ကြပါတယ်။ အားလုံးဟာ ရွေးနှုတ်ထိုက်သောသူများဖြစ်ကြပါတယ်။
ဘုရားသခင်ရဲ့နိုင်ငံတော်သား ဟုတ်မဟုတ် သံသယရှိသူတစ်စုံတယောက်ကို ဒါမှမဟုတ် ဒုက္ခအမျိုးမျိုးနဲ့တွေ့နေသူ တစ်ယောက်ယောက်ကို သူကျောခိုင်းသွားမယ်လို့ သင်တို့စိတ်ကူးကြည့်လို့ရနိုင်ပါသလား။ ကျွန်တော်တော့မရနိုင်ပါဘူး။ ခရစ်တော်ရဲ့အမြင်မှာ၊ စိတ်ဝိညာဉ်တစ်ခုစီတိုင်းဟာ အတိုင်းမသိထိုက်တန်ပါတယ်။ ကျရှုံးရန် အဘယ်သူမှ ကြိုတင်စီရင်ထားမခံရပါဘူး။ ထာဝရအသက်ဆိုတာ အားလုံးအတွက် ဖြစ်နိုင်ပါတယ်။
ကျွန်တော့အစ်မဘေးမှာ ဝိညာဉ်တော်ရဲ့အဆုံးအမကနေ၊ ကျွန်တော်သင်ခန်းစာကောင်းကောင်းရခဲ့ပါတယ်။ ကျွန်တော်တို့ဟာ သူမြင်သလိုမြင်ကြတဲ့အခါ၊ ကျွန်တော်တို့ရဲ့အောင်မြင်ခြင်းက နှစ်ဆဖြစ်ပါလိမ့်မယ် ကျွန်တော်တို့ထိတွေ့ဆက်ဆံတဲ့သူများအတွက် ရွေးနှုတ်ခြင်းနဲ့ ကျွန်တော်တို့ကိုယ်တိုင်အတွက် ရွေးနှုတ်ခြင်းဖြစ်ပါတယ်။
ဒုတိယ၊ ခရစ်တော်ရဲ့နာမတော်ကို ကျွန်တော်တို့အပေါ်မှာ ခံယူဖို့၊ ကျွန်တော်တို့ဟာ ဘုရားသခင်မြင်သလို မြင်ရမှာတစ်ခုတည်းမဟုတ်ပါဘူး၊ သူ့အမှုတော်ကိုဆောင်ပြီး၊ သူအစေခံသလိုမျိုးလည်း အစေခံရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ကြီးမြတ်တဲ့ပညတ်တော်နှစ်ခုကို စောင့်ထိန်းကြ၊ ဘုရားသခင်၏အလိုတော်ကိုခံယူကြ၊ ဣသရေလအမျိုးကို စုဝေးကြ၊ ကျွန်တော်တို့ရဲ့အလင်းကို “လူသားတို့ရှေ့မှာ လင်း” စေကြပါတယ်။ ကျွန်တော်တို့ဟာ သူ့ရဲ့ ပြန်လည်ဆောင်ယူထားတဲ့အသင်းတော်ရဲ့ ပဋိညာဉ်များနဲ့ ဘိသိက်မင်္ဂလာများကို ရရှိပြီး၊ လိုက်နာကြပါတယ်။ ကျွန်တော်တို့ဒီလိုလုပ်ဆောင်တဲ့အခါ၊ ကျွန်တော်တို့ကိုယ်တိုင်၊ ကျွန်တော်တို့မိသားစုများနှင့် အခြားသူများရဲ့ဘဝတွေကို ကောင်းချီးပေးဖို့ တန်ခိုးကို ဘုရားသခင်က ကျွန်တော်တို့ကို ပေးပါတယ်။ “ဘဝမှာ ကောင်းကင်ဘုံရဲ့တန်ခိုးတွေ မလိုအပ်တဲ့သူတစ်ယောက်ယောက်ကို ငါသိသလား”လို့ သင့်ကိုယ်သင်မေးကြည့်ပါ။
ကျွန်တော်တို့ကိုယ်ကျွန်တော်တို့ သန့်ရှင်းစေကြယ်စေကြတာနဲ့အမျှ၊ ဘုရားသခင်ဟာ အံ့မခန်းချီးမွမ်းဖွယ်အမှုများကို ကျွန်တော်တို့ကြားမှာ ပြုတော်မူပါလိမ့်မယ်။ ကျွန်တော်တို့ဟာ ကျွန်တော်တို့စိတ်နှလုံးကို စင်ကြယ်စေခြင်းအားဖြင့် ကျွန်တော်တို့ကိုယ်ကျွန်တော်တို့ သန့်ရှင်းစင်ကြယ်စေကြပါတယ်။ ကျွန်တော်တို့ဟာ သူ့ကို နားထောင်ကြ၊ကျွန်တော်တို့ရဲ့အပြစ်တွေကနေ နောင်တရကြ၊ ပြောင်းလဲလာကြ၊ပြီးတော့ သူချစ်သလို ချစ်ကြတာနဲ့အမျှ၊ ကျွန်တော်တို့ရဲ့စိတ်နှလုံးကို စင်ကြယ်စေကြပါတယ်။ “သင်တို့ကို ချစ်သောသူများကိုသာ ချစ်လျှင်၊ အဘယ်ကျေးဇူးရှိသနည်း”လို့ ကယ်တင်ရှင်က ကျွန်တော်တို့ကို မေးခဲ့ပါတယ်။
အသင်းလူကြီးဂျိမ်းစ် အီးတယ်မေ့ရဲ့အသက်တာအတွေ့အကြုံတစ်ခုအကြောင်း ကျွန်တော်မကြာသေးမီက လေ့လာခဲ့ရပါတယ်။ ကျွန့်တော့ပတ်ဝန်းကျင်ကလူတွေကို ကျွန်တော်ဘယ်လိုများ ချစ်သလဲ၊ ဘယ်လိုများအစေခံသလဲလို့ အဲဒီအတွေ့အကြုံက ကျွန်တော့ကို ခဏရပ်ပြီးစဉ်းစားစေခဲ့ပါတယ်။ လူငယ်ပါမောက္ခတစ်ယောက်အဖြစ်၊ တမန်တော်တစ်ပါး ဖြစ်မလာမီ၊ ၁၈၉၂ ခုနှစ်တုန်းက သေစေနိုင်သောဆုံဆို့နာကူးစက်ရောဂါ ပြင်းထန်ချိန်မှာ၊ အသင်းလူကြီး တယ်မေ့ဟာ သူ့အနီးအနားမှာ နေထိုင်ကြတဲ့၊ ရောဂါခံစားနေကြရတဲ့၊ အသင်းသားမဟုတ်တဲ့ သူစိမ်းမိသားစုတစ်စုကို တွေ့ခဲ့ပါတယ်။ ရောဂါပိုးဝင်ရောက်နေတဲ့အိမ်ထဲဝင်သွားဖို့ ဘယ်သူမှ ကိုယ့်ကိုယ်ကိုယ် အရဲမစွန့်လိုကြပါဘူး။ ဘာပဲဖြစ်ဖြစ်၊ အသင်းလူကြီးတယ်မေ့ကတော့ အဲဒီအိမ်ကို ချက်ချင်းသွားခဲ့ပါတယ်။ ကလေး လေးယောက်ကို သူတွေ့ခဲ့တယ်၊ နှစ်နှစ်ခွဲသားလေးက အိပ်ရာထဲမှာ သေနေတယ်။ ငါးနှစ်သမီးလေးနဲ့ ဆယ်နှစ်သားလေးက အတော်နာနာကျင်ကျင်ခံစားနေရတယ်။ ဆယ့်သုံးနှစ်သမီးလေးက အားနည်းနေပါတယ်။ မိဘတွေက ဝမ်းနည်းပူဆွေးမှုနဲ့ နွမ်းလျနေကြပါတယ်။
အသင်းလူကြီးတယ်မေ့က သေတဲ့သူကိုရော၊ အသက်ရှင်တဲ့သူကိုရော စောင့်ရှောက်ခဲ့ပါတယ်။ အခန်းတွေကို တံမြက်စည်းလှဲ၊ ညစ်ညမ်းတဲ့အဝတ်တွေကို စွန့်ပစ်၊ ရောဂါပိုးတက်နေတဲ့ အဝတ်စုတ်အညစ်အပေတွေကို မီးရှို့ပစ်ပါတယ်။ သူက တစ်နေ့လုံး အလုပ်လုပ်ပြီးမှ၊ နောက်တစ်နေ့မှာ ပြန်လာခဲ့ပါတယ်။ ဆယ်နှစ်သားလေးက အဲဒီညမှာ သေသွားခဲ့တယ်။ ငါးနှစ်သမီးလေးကို သူပွေ့ချီခဲ့တယ်။ သူမက သွေးချွဲသလိပ်တွေကို သူ့မျက်နှာတစ်ခုလုံးနဲ့ အဝတ်တွေပေါ်ကို ထွေးထုတ်ခဲ့ပါတယ်။ “သူမကို ကျွန့်တော့လက်ထဲက လွှတ်မချနိုင်ဘူး” လို့ သူရေးခဲ့ပါတယ်။ သူ့လက်ထဲမှာ သေသွားတဲ့အချိန်အထိ သူပွေ့ထားခဲ့ပါတယ်။ သူဟာ ကလေးသုံးယောက်လုံးကို သင်္ဂြိုဟ်ရာမှာ ကူညီခဲ့ပြီး၊ ဝမ်းနည်းပူဆွေးနေတဲ့မိသားစုအတွက် စားစရာနဲ့ သန့်ရှင်းတဲ့အဝတ်အစားတွေ စီစဉ်ပေးခဲ့ပါတယ်။ အိမ်ကိုပြန်ရောက်တာနဲ့၊ ညီအစ်ကို တယ်မေ့ဟာ သူ့အဝတ်အစားတွေကို လွှင့်ပစ်၊ သွပ်ရေနဲ့ရေချိုးပြီး သူ့မိသားစုနဲ့ခွဲနေခဲ့ပါတယ်။ သိပ်မပြင်းတဲ့ရောဂါတိုက်ခိုက်တာကို ခံစားခဲ့ရပါတယ်။
ကျွန်တော်တို့ပတ်ဝန်းကျင်က များစွာသောဘဝတွေမှာ အန္တရာယ်ရှိနေကြပါတယ်။ သူတော်စင်တွေဟာ သန့်ရှင်းလာကြခြင်း၊ ဘယ်လိုလူကိုပဲဖြစ်ဖြစ် အားလုံးကို အမှုတော်ဆောင်ကြခြင်းအားဖြင့် မိမိတို့အပေါ်မှာ ကယ်တင်ရှင်ရဲ့နာမတော်ကို ခံယူကြပါတယ်။ ကျွန်တော်တို့အဲဒီလိုလုပ်ဆောင်တဲ့အခါ၊ ဘဝများစွာ ကယ်တင်ခြင်းသို့ ရောက်ကြပါတယ်။
နောက်ဆုံးမှာ၊ သူ့ရဲ့နာမတော်ကို ကျွန်တော်တို့အပေါ်မှာ ခံယူဖို့ရာ ကျွန်တော်တို့ သူ့ကို ကိုးစားရမယ်ဆိုတာ ကျွန်တော်ယုံကြည်ပါတယ်။ ကျွန်တော်တက်ခဲ့တဲ့ တနင်္ဂနွေနေ့အစည်းအဝေးတစ်ခုမှာ လူငယ်အမျိုးသမီးတစ်ယောက်က အခုလိုမျိုး မေးခဲ့ပါတယ်၊ “ ကျွန်မရည်းစားနဲ့ ကျွန်မ မကြာသေးခင်က ကွဲသွားခဲ့တယ်၊ သူက အသင်းတော်ကို စွန့်ခွာဖို့ ရွေးချယ်ခဲ့တယ်။ သူဘယ်တုန်းကမှ မပျော်ခဲ့ရဘူးလို့ ကျွန်မကို ပြောပြတယ်။ ဘယ်လိုနည်းနဲ့ ဒီလိုဖြစ်နိုင်ပါသလဲ”
ကယ်တင်ရှင်က နီဖိုင်းလူမျိုးတွေကို မိန့်တော်မူတုန်းက ဒီမေးခွန်းကို ဖြေခဲ့ပါတယ်၊ “သို့ရာတွင်၊ [သင်တို့ဘဝကို] ငါ၏ဧဝံဂေလိတရားတော်အပေါ်၌ တည်ဆောက်ထားခြင်းမဟုတ်ဘဲ၊ လူတို့၏အကျင့်များအပေါ်၌ သို့မဟုတ် နတ်ဆိုး၏အကျင့်များအပေါ်၌ တည်ဆောက်ထားလျှင်၊ သင်တို့ကို ငါအမှန်ဆိုသည်ကား၊ [သင်တို့၏]အကျင့်များ၌ ကာလအတန်အရာသာလျှင် [သင်တို့]ဝမ်းမြောက်ခြင်းရှိကြမည်။ မကြာမီ အဆုံးသို့ရောက်ကြမည်။” ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်ရဲ့ အပြင်ဘက်မှာ တည်မြဲတဲ့ပျော်ရွှင်မှုမရှိဘူးဆိုတာ ရှင်းပါတယ်။
သို့သော်လည်း၊ မိမိတို့အဖို့ အချောက်လှန့်ဆုံးဖြစ်နေတဲ့ ကြီးစွာသောဒုက္ခများ၊ ပညတ်တော်များနဲ့ အခက်အခဲတွေ့နေသူ လူတော်လူကောင်းများစွာအကြောင်းကို အဲဒီအစည်းအဝေးမှာ ကျွန်တော်တွေးမိခဲ့ပါတယ်။ “သူတို့ကို ကယ်တင်ရှင်က တစ်ခြားဘာများ ပြောခဲ့ကောင်းပြောခဲ့မှာပါလဲ” လို့ ကျွန်တော့ကိုယ်ကျွန်တော်မေးမိပါတယ်။ “သင်တို့ ငါ့ကို ကိုးစားသလား” လို့ သူမေးခဲ့လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ သွေးသွန်အနာစွဲနေတဲ့ မိန်းမတစ်ယောက်ကို “သင်၏ယုံကြည်ခြင်းသည် သင့်အနာကို ငြိမ်းစေပြီ။ ငြိမ်းချမ်းစွာသွားလော့” လို့ သူမိန့်တော်မူခဲ့ပါတယ်။
ကျွန်တော်ကြိုက်တဲ့ကျမ်းပိုဒ်တွေထဲက တစ်ခုကတော့ ယောဟန် ၄း၄ ဖြစ်ပါတယ်။ အဲဒီမှာ ဖော်ပြတာက၊ “သူသည် ရှမာရိပြည်အလယ်၌ လျှောက်သွားရ၏။”
ကျွန်တော် အဲဒီကျမ်းပိုဒ်ကို ဘာကြောင့်ကြိုက်ပါသလဲ။ ယေရှုက ရှမာရိပြည်ကို သွားဖို့ မလိုအပ်လို့ပဲဖြစ်ပါတယ်။ သူ့ခေတ်တုန်းက ယုဒလူမျိုးတွေဟာ ရှမာရိလူတို့ကို မုန်းကြပါတယ်။ ရှမာရိပြည်ရဲ့ဘေးက လမ်းကနေခရီးသွားကြပါတယ်။ ဒါပေမယ့်၊ ယေရှုကတော့၊ သူဟာ ကတိတော်အတိုင်းလာတဲ့ မေရှိယဖြစ်တော်မူကြောင်း၊ လောကီသားအားလုံးကို ပထမဆုံးအကြိမ်ဟောကြားရန်၊ အဲဒီနေရာကို သွားဖို့ ရွေးချယ်ခဲ့ပါတယ်။ ဒီသတင်းစကားအတွက်၊ သူဟာ စွန့်ပစ်ခံလူတစ်စုကိုသာမက၊ မိန်းမတစ်ယောက်ကိုလည်း ရွေးချယ်ခဲ့ပါတယ်—အဲဒီမိန်းမဟာ သာမန်ရိုးရိုးမိန်းမ မဟုတ်ပါဘူး၊ အပြစ်လုပ်နေတဲ့မိန်းမတစ်ယောက်ပဲဖြစ်ပါတယ်—အဲဒီခေတ်ကဆိုလျှင်၊ အဆိုးတကာ့အဆိုးဆုံးသူတစ်ယောက်ဖြစ်ပါတယ်။ ယေရှုအခုလို လုပ်ခဲ့တာက၊ ကျွန်တော်တို့ရဲ့ကြောက်ရွံ့ခြင်းတွေ၊ ကျွန်တော်တို့ရဲ့ ဒဏ်ရာတွေ၊ ကျွန်တော်တို့ရဲ့စွဲကပ်ခြင်းတွေ၊ ကျွန်တော်တို့ရဲ့သံသယတွေ၊ ကျွန်တော်တို့ရဲ့စုံစမ်းခြင်းတွေ၊ ကျွန်တော်တို့ရဲ့အပြစ်တွေ၊ ကျွန်တော်တို့ရဲ့ကွဲကွာတဲ့မိသားစုတွေ၊ ကျွန်တော်တို့ရဲ့စိတ်ပျက်ခြင်းနဲ့ စိုးရိမ်ပူပန်မှုတွေ၊ ကျွန်တော်တို့ရဲ့နာတာရှည်ရောဂါတွေ၊ ကျွန်တော်တို့ရဲ့ဆင်းရဲနွမ်းပါးခြင်း၊ ကျွန်တော်တို့မတော်မတရားပြုခံရခြင်းနဲ့ ကျွန်တော်တို့ရဲ့စိတ်အားငယ်ခြင်းတွေ၊ ကျွန်တော်တို့ရဲ့အထီးကျန်ခြင်းတွေထက် သူ့ရဲ့ချစ်ခြင်းကပိုပြီးကြီးမြတ်ကြောင်း ကျွန်တော်တို့အယောက်တိုင်း အမြဲနားလည်နိုင်စေဖို့ဖြစ်တယ်ဆိုတာ ကျွန်တော်ယုံကြည်ပါတယ်။ သူမကုစားနိုင်တဲ့အရာတစ်ခုမျှမရှိ၊ တည်မြဲတဲ့ဝမ်းမြောက်ခြင်းဆီကို သူ မပေးနိုင်တဲ့သူတစ်ယောက်မျှမရှိကြောင်း အားလုံးကို သူသိစေလိုပါတယ်။
သူ့ရဲ့ကျေးဇူးတော်က လုံလောက်ပါတယ်။ သူတစ်ယောက်တည်း အရာခပ်သိမ်းရဲ့အောက်ကို နှိမ့်ချခဲ့တာပါ။ သူ့ရဲ့အပြစ်ဖြေခြင်းမင်္ဂလာတန်ခိုးဟာ ကျွန်တော်တို့ဘဝရဲ့ဒုက္ခမှန်သမျှကို အနိုင်ရစေတဲ့တန်ခိုးဖြစ်ပါတယ်။ ရေတွင်းနားက မိန်းမအကြောင်းသတင်းစကားကတော့၊ ကျွန်တော်တို့ရဲ့ဘဝအခြေအနေတွေကို သူသိတော်မူတဲ့အကြောင်း နှင့် ကျွန်တော်တို့ဘယ်လိုလူမျိုးပဲဖြစ်ဖြစ်၊ သူနဲ့အတူ လျှောက်လှမ်းနိုင်တဲ့အကြောင်းဖြစ်ပါတယ်။ သူမကိုသော်လည်းကောင်း၊ ကျွန်တော်တို့အယောက်စီတိုင်းကိုသော်လည်းကောင်း၊ သူမိန့်တော်မူပါတယ် ”ငါပေးသောရေကို သောက်သောသူမူကား၊ ဘယ်တော့မျှရေမငတ်ရ၊ ထာဝရအသက်ရှင်ခြင်းအလို့ငှာ ထွက်သောစမ်းရေတွင်း ဖြစ်လိမ့်မည်”။
ဘဝရဲ့ခရီးမှန်သမျှမှာ၊ သင်တို့ကို အနာကင်းစေဖို့နဲ့ ကယ်လွှတ်ဖို့ တန်ခိုးအားလုံးရှိတဲ့ တစ်ပါးတည်းသောကယ်ရှင်ဆီကနေ သင်တို့ဘာကြောင့် လွှဲဖယ်ကြမှာပါလဲ။ သူ့ကို ကိုးစားဖို့ သင်တို့ပေးရမယ့်အဖိုးအခက ဘာပဲဖြစ်ဖြစ်ပေးဖို့ထိုက်တန်ပါတယ်။ ကျွန်တော့ညီအစ်ကိုမောင်နှမများခင်ဗျာ၊ ကောင်းကင်ဘုံရှင်အဘနဲ့ ကျွန်တော်တို့ရဲ့ကယ်တင်ရှင်၊ ယေရှုခရစ်တော်၌ ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကို တိုးစေဖို့ ကျွန်တော်တို့ရွေးချယ်ကြပါစို့လားခင်ဗျာ။
ယေရှုခရစ်တော်၏နောက်ပိုင်းကာလသူတော်စင်များအသင်းတော်ဟာ စစ်မှန်သောပရောဖက်အားဖြင့် အသက်ရှင်တဲ့ခရစ်တော်လမ်းညွှန်တဲ့အသင်းတော်၊ ကယ်တင်ရှင်ရဲ့အသင်းတော်ဖြစ်တဲ့အကြောင်း ကျွန်တော့စိတ်ဝိညာဉ်ထဲကနေ အမှန်လေးနက်စွာ သက်သေခံပါတယ်။ ကျွန်တော့ဆုတောင်းချက်ကတော့၊ ကျွန်တော်တို့ဟာ သူမြင်သလိုမြင်ခြင်း၊ သူအစေခံသလိုအစေခံခြင်း၊ ပြီးတော့ သူ့ကျေးဇူးတော်ဟာ ကျွန်တော်တို့ကို အိမ်နဲ့ တည်မြဲတဲ့ဝမ်းမြောက်ခြင်းဆီကို ခေါ်ဆောင်ဖို့ လုံလောက်တဲ့အကြောင်း ယုံကြည်ကိုးစားခြင်းတို့အားဖြင့် ယေရှုခရစ်တော်ရဲ့နာမတော်ကို ကျွန်တော်တို့အပေါ်မှာ သစ္စာရှိစွာခံယူကြမယ်ဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်။ ယေရှုခရစ်တော်၏နာမတော်အားဖြင့်၊ အာမင်။